International News

စင်ကာပူ - သြစတြေးလျ ဒီဂျစ်တယ်စီးပွားရေးသဘောတူစာချုပ်အတွက် ညှိနှိုင်းဆွေးနွေးမှုများကို အပြီးသတ်ကြောင်း သတင်းထုတ်ပြန်

Last Updated:

၂၃ -  ၃ - ၂၀၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ဗွီဒီယိုကွန်ဖရင့်အစီအစဉ်အတွင်း စင်ကာပူ - သြစတြေးလျ ဒီဂျစ်တယ်စီးပွားရေးသဘောတူစာချုပ် (Singapore - Australia Digital Economy Agreement - DEA) လက်မှတ်ရေးထိုးနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးမှုများကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း စင်ကာပူဝန်ကြီး ချုပ်နှင့် သြစတြေးလျဝန်ကြီးချုပ်တို့က ပူးတွဲကြေညာခဲ့ပါသည်။

DEA သည် နိုင်ငံတကာစည်းမျဉ်းများကို ပုံဖော်ပေးနိုင်ရန်၊ သတင်းအချက်အလက်ဖလှယ် သုံးစွဲနိုင်သောစနစ် တည်ထောင်နိုင်ရန်၊ ပေါ်ထွက်လာသော နည်းပညာ သစ်များမှ အကြောင်းခြင်းရာသစ်များကို ဖော်ထုတ်နိုင်ရန် မိမိတို့နှစ်နိုင်ငံအကြား ဒီဂျစ်တယ်စီးပွားရေးအတွက် နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် ဘက်စုံမူဘောင်တစ်ခုဖြစ်ကြောင်း၊ ယခု DEA ဖြင့် အချက်အလက် စီးဆင်းမှု လွယ်ကူစေရန်နှင့် ထိန်းကျောင်းရန်လိုအပ်သည့် သီးခြားကိစ္စရပ်များမှတစ်ပါး အချက် အလက်များကန့်သတ်ခြင်းတို့ကို တားမြစ်သွားမည်ဖြစ်ပြီး၊ အီလက်ထရောနစ်ငွေပေးချေမှု၊ ဇာစ်မြစ် ကုဒ်ကာကွယ်ရေးနှင့် SME ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များ လည်း ပါဝင်ကြောင်း ဖော်ပြထားပါသည်။

DEA တွင် ပါဝင်သောလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် နားလည်မှုစာချွန်လွှာ (MoU) ၇ ခုကို လက်မှတ်ရေးထိုးခဲ့ပါသည်။ MoU များတွင် Artificial Intelligence (AI) ဆိုင်ရာကျင့်ဝတ်နှင့်အုပ်ချုပ်မှု၊ အချက်အလက်တီထွင်ဆန်းသစ်မှုစသည့် ထွန်းသစ်စကဏ္ဍများလည်း ပါဝင်ကြောင်း၊ ဒီဂျစ် တယ်စီးပွားရေးတွင် လုပ်ငန်းများက ရင်ဆိုင်ရဖွယ်ရှိသော အဟန့်အတားများကို ဖယ်ရှားပေးမည်ဖြစ်ပြီး၊ သို့မှသာ ဒီဂျစ်တယ်ထုတ်ကုန်နှင့် ဝန်ဆောင်မှု အသစ်များ ကို ဖန်တီးထုတ်လုပ်နိုင်ကြမည်ဖြစ်ကြောင်း၊ ကုမ္ပဏီများက AI နည်းပညာများနှင့် စွမ်းရည်များကို ရယူအသုံးချလာနိုင်ရန် ကူညီပေးမည်ဖြစ်သည့်အတွက် AI အသုံးချမှု ဖွံ့ဖြိုးတိုးတက် လာစေရေးနှင့် စီးပွားဖြစ်အရောင်းအဝယ်ပြုလုပ်မှုများကို ပိုမိုလွယ်ကူစွာဆောင်ရွက်လာနိုင်မည် ဖြစ်ကြောင်း သိရှိရပါသည်။

 ယခု DEA သဘောတူစာချုပ်မှာ စင်ကာပူ၏ ဒုတိယမြောက် DEA ဖြစ်လာမည်ဖြစ်ပါသည်။ ပထမဆုံး DEA သဘောတူစာချုပ်ကို ၂၀၂၀ ခုနှစ်အစောပိုင်းတွင် ချီလီနှင့် နယူးဇီလန်နိုင်ငံတို့ဖြင့် လက်မှတ်ရေးထိုးခဲ့ပါသည်။ စင်ကာပူနှင့် သြစတြေးလျသည် ခိုင်မြဲသောစီးပွားရေးဆက်ဆံမှုရှိပါသည်။ ၂၀၁၉ ခုနှစ်စာရင်းအရ စင်ကာပူသည် သြစတြေးလျ၏ ပဉ္စမမြောက် ကုန်သွယ်ဘက်နိုင်ငံဖြစ်ပြီး၊ နှစ်နိုင်ငံကုန်သွယ်မှုသည် စင်ကာပူဒေါ်လာ ၂၃.၉ ဘီလီယံ ရှိခဲ့ပါသည်။ ထို့ပြင် စင်ကာပူသည် သြစတြေးလျ၏ ဆဌမမြောက် အများဆုံးရင်းနှီးမြှုပ်နှံသူဖြစ်ပြီး၊ လက်ရှိကာလအထိ စင်ကာပူဒေါ်လာ ၇၈ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံထားကြောင်း ​သိရှိရပါသည်။  

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ် ။    ။ Ministry of Trade & Industry, Singapore

Category: International News